ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်သီးနှံ ၆၄၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပွင့်ဖြူ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် ဟင်းသီးဟင်းရွက်သီးနှံများကို အားထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ဟင်းသီးဟင်းရွက်သီးနှံစုံ ၆၄၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာ၌ ဟင်းသီးဟင်းရွက်သီးနှံစုံ ၁၇၄၂ ဧက စိုက်ပျိုးရန် လျာထားပြီး သတ်မှတ်စိုက်ဧကပြည့်မီစေရန်အတွက် ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ဟင်းသီးဟင်းရွက်သီးနှံစုံ ၆၄၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ဟင်းသီးဟင်းရွက်သီးနှံစုံ ၁၇၄၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒီနေ့အထိ ၆၄၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ စိုက်ပျိုးပြီးတဲ့ ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ သတ်မှတ်စိုက်ဧက ပြည်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဒေသခံတောင်သူတွေကို လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးတာတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်။ အဓိက စိုက်ပျိုးတဲ့ သီးနှံတွေကတော့ ခရမ်းချဉ်၊ ပန်းမုံလာ၊ မုံညှင်း၊ မုံလာဥ၊ ဆလပ်၊ ခရမ်းသီး၊ ရုံးပတီသီး၊ သခွါး၊ ဘူး၊ ဖရုံ၊ တိုင်ထောင်ပဲ၊ နံနံပင် စတဲ့ သီးနှံတွေဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်သီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အောင်မြင်ဖြစ်ထွန်းစေဖို့နဲ့ ဝယ်ယူစားသုံးတဲ့ ပြည်သူတွေ အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)နည်းစနစ်နဲ့ စိုက်ပျိုးနိုင်အောင် နယ်မြေကွင်းဆင်းပြီး နည်းပညာတွေ ဆောင်ရွက်နေပါတယ်"ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဟင်းသီးဟင်းရွက်သီးနှံစုံ ၁၇၄၂ ဧကနှင့် ငရုတ်၊ ကြက်သွန်နီ စတဲ့ စားဖိုဆောင်သီးနှံစုံ ၂၅၅၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လျာထားစိုက်ဧက ပြည့်မီရေး၊ အထွက်နှုန်းများ ကောင်းမွန်စေရေးနှင့် စိုက်ပျိုးသည့် သီးနှံများအားလုံး ဓာတုဓာတ်ကြွင်း အနည်းဆုံးဖြစ်အောင်၊ ကျန်းမာရေးနှင့်ကိုက်ညီအောင် စနစ်တကျစိုက်ပျိုးသွားနိုင်ရေး ဒေသခံတောင်သူများကို လိုအပ်သော စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)