ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဂန့်ဂေါ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စည်ပင်သာယာရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်သာသနာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းဟိန်းနှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းလင်းဇော် ဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများပူးပေါင်း၍ စည်ပင်သာယာရပ်ကွက်ရှိ မြို့ခင်သာကျောင်းနှင့် မြို့မ အနောက်ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော် (၁၈)ပါးနှင့် ဇမ္ဗုထိပ်ခေါင်မြတ်စွာ ဘုရားကြီးအာရုံခံတန်ဆောင်းတွင် အသက်(၈၅)နှစ်အထက် သက်ကြီး အဘိုးအဘွား(၁၂)ဦးအား သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး/ဆီးချိုရောဂါစစ်ဆေးပေးခြင်းများ ဆောင်ရွက်ကာ နှာစေးချောင်းဆိုးပျောက်ဆေး၊ သွေးတိုး/ဆီးချိုကျဆေးနှင့် အားဆေးများကို အခမဲ့ဖြန့်ဝေပေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အတူ ဂန့်ဂေါမြို့ပေါ်ရှိ မြို့မရပ်ကွက်နှင့် ကျောတိုက်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးဆိုင်ရာရောဂါများ စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)