နတ်မောက် ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့ပေါ်ရှိ ဝါကြိတ်စက်ဝါသိုလှောင်ခြင်းနှင့် သစ်ခွဲစက်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးမှ ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ လက်တွေ့သရုပ်ပြသခြင်းများ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရေး၊ လောင်စာဆီများသိုလှောင်ထားရှိခြင်းမရှိရန်၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်နှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါက ပြည်သူများကိုယ်တိုင် မီးငြိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ်မထိခိုက်စေရေးဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ် စသည်တို့ကို အကြံပြုပြောကြားခဲ့ပြီး စက်ရုံများအတွင်း ပစ္စည်းများသိုလှောင်ထားခြင်းများကို လိုက်လံစစ်ဆေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း