စလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမဆောင်တွင် အခမ်းအနားမှူးဆောင်ရွက်ပုံသင်တန်း ဖွင့်လှစ်ပို့ချ

စလင်း ဇန်နဝါရီ  ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား အခမ်းအနားမှူးဆောင်ရွက်ပုံသင်တန်းကို  ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါရုံးရှိ (Community Centre)ခန်းမဆောင်တွင် ဖွင့်လှစ်ပို့ချ သင်ကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏  ရည်ရွယ်ချက်များကို  ရှင်းလင်းဆွေးနွေးခဲ့သည်။ သင်တန်းကို ဆက်လက်ဖွင့်လှစ်ခဲ့ရာ လူငယ်များနှင့်  ဆရာ၊ ဆရာမများ၊ လူထုရှေ့တွင်  စကားပြောနည်း၊  အခမ်းအနားမှူးတစ်ယောက်တွင် ရှိသင့်သည့် အရည်အချင်းများ၊ အခမ်းအနားအတွက်  ကြိုတင်ပြင်ဆင်ခြင်း၊ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပုံ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့်ပတ်သက်၍ စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့သည်။

အခမ်းအနားမှူးသင်တန်းသို့  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ စုစုပေါင်းအင်အား  (၄၅)ဦး တက်ရောက်ခဲ့ပြီး  သင်တန်းကို  ဇန်နဝါရီလ (၆)ရက် နံနက် (၉)နာရီမှ  နေ့လယ်ပိုင်းအထိ သင်ကြားပို့ချမည်​ဖြစ်ကြောင်း  သိရသည်။

(မောင်လွင်)စလင်း