သရက် ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက သရက်ခရိုင်ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ(၄၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အခမ်းအနားတက်ရောက် လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအား အလေးပြုခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက ဖတ်ကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမ်းအနား တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)