ဂန့်ဂေါတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

ဂန့်ဂေါ ဇန်နဝါရီ ၅

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အလေးပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပန်းခြံ  လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပပြီး သဝဏ်လွှာဖတ်ခြင်းအခမ်းအနားကို ဂန့်ဂေါမြို့ မြစ်သာခန်းမ၌ နံနက် ၇ နာရီတွင်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ခေတ္တခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ဖတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနန္ဒ၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦး၊ ဂန့်ဂေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝေဖြိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူများအား ခေတ္တခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)