သာယာဝတီ ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် သာယာဝတီဗဟိုအကျဉ်းထောင်မှ အကျဉ်းသား(၈၇)ဦး၊ အကျဥ်းသူ(၁၀)ဦးတို့အား ယမန်နေ့နံနက်ပိုင်းက လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် သာယာဝတီဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဥ်းသူများအနက်မှ အကျဉ်းသား/အကျဥ်းသူ (၉၇)ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်း ဖြစ်သည်။
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဥ်းသူများအနက်မှ သာယာဝတီဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ရ အကျဉ်းသား/အကျဉ်းသူများအား သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးခိုင်နှင့် အကျဉ်းထောင် တာဝန်ခံအရာရှိတို့မှ ဆုံးမစကားများ ပြောကြား၍ ထောင်လွှတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခရီးစရိတ်ငွေများပေး၍ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)