ခန္တီးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားပြုလုပ်

ခန္တီး ဇန်နဝါရီ ၅

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယမန်နေ့နံနက်(၄)နာရီ (၂၀) မိနစ်ချိန်တွင် ပြည်သူ့ အားကစားကွင်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ကျင်းပရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလံလွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်အလံအလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက်(၇)နာရီအချိန်တွင် အဆိုပါနေရာ၌ကျင်းပရာ နိုင်ငံတော်အလံအားအလေးပြုခဲ့ကြ၍ ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခဲ့သည်။

ထို့နောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူလေးများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအနေဖြင့် အာလူးကောက်၊ ဂုံနီအိတ်စွပ်၊ အပ်ထိုး၊ သုံးချောင်းထောက်၊ မီတာ(၁၀၀)(၄၀၀) အပြေး၊ ဖားခုန်၊ စကောရွက်၊ ပူပေါင်းဖောက်၊ မီးထွန်း၊ လွန်ဆွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ မှုန့်စား စသည့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)