အိမ်မဲ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံတွင် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများက နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ခေါင်းဆောင်မှဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ဖတ်ကြားပေးခဲ့သည်။
ထို့နောက် အိမ်မဲမြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နေ့တွက်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်း၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(ထက်၊လယ်၊မူ) စာစီစာကုံး၊ ကဗျာ၊ ကျပန်း စကားပြောပြိုင်ပွဲများနှင့်ကလေးပြိုင်ပွဲများတွင် ဆုရရှိသော ကလေးငယ်များအား တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် အ.ထ.က(၁)၊ အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူများ ကပြည်မြန်မာ၊ ဇာတိမာန်သီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ပြီး အခမ်းအနား တက်ရောက် လာသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ်