ထားဝယ် ဇန်နဝါရီ ၅
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကိုကျင်းပရာ အလံတင်တပ်စုမှ ဦးဆောင်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က နိုင်ငံတော်အလံကို တိုင်ထိပ်လွှင့်တင်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို နံနက် ၇ နာရီတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ အရာရှိစစ်သည်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့၊ ဆရာ/မများ၊ ကျောင်းသား/သူများ ဒေသခံပြည်သူများ စုစုပေါင်း (၆၀၀) ဦးခန့် တက်ရောက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အလေးပြုခံစင်မြင့်တွင်နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကာ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုအလေးပြုပြီး ဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော်သီချင်းကိုတီးမှုတ်၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကဖတ်ကြားပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)