မင်းကင်း ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ(၄) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)အချိန်တွင် အမှတ်(၁)ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်၌ မြန်မာနိုင်ငံရဲတပ်တပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက် နံနက်(၇)နာရီတွင် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၅ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးထွန်းဇော်က ဖတ်ကြားခဲ့ပြီးနောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)