ပုသိမ် ဇန်နဝါရီ ၅
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၃)ရက်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ဘင်ခရာတပ်ဖွဲ့နှင့် ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနပြခန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြခန်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီပြခန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနပြခန်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးပြခန်း၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်ပြခန်း၊ ပုသိမ်တက္ကသိုလ်ပြခန်း၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ပုသိမ်)၊ စက်မှုလယ်ယာဦးစီးဌာနပြခန်း အစရှိသည့် ဌာနဆိုင်ရာ ပြခန်းများနှင့်ကုမ္ပဏီများမှပြသထားသည့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာပြခန်းများနှင့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ရာ ပြခန်းတာဝန်ခံများက သိလို သည်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ပုသိမ်၊ ကျုံပျော်၊ မြန်အောင်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာ ခရိုင်ရှစ်ခရိုင်မှ ခင်းကျင်းပြသထားသည့် သစ်သီးဝလံ၊ ပန်းမန်နှင့် ဒေသထွက်ကုန်ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက်သာမက ပြည်ပ စျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ်ကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများအား ယခုလ(၃)ရက်နေ့မှ(၅) ရက်နေ့အထိပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများ၊ ခရိုင်ရှစ်ခရိုင်မှ သစ်သီးဝလံ၊ ပန်းမန်နှင့် ဒေသထွက်ကုန် ပြခန်းနှင့် ကုမ္ပဏီပြခန်းများဖြစ်သည့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာစသည့် စိုက်ပျိုးရေး သွင်းအားစုနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုမ္ပဏီပြခန်းများ အပါအဝင် ပြခန်းစုစုပေါင်း ( ၄၉ )ခန်း ပါဝင်ပြသွားမည်ဖြစ်ကာ အများပြည်သူများ ဗဟုသုတရှာမှီး လေ့လာနိုင်စေရေးအတွက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)