သနပ်ပင်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

သနပ်ပင် ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၇)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်ကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များတက်ရောက်ကြပြီး နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက ဖတ်ကြားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများမှ ဆုရရှိကြသော အခြေခံပညာအထက်တန်း၊ အလယ်တန်း မူလတန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်မြတ်