တောင်တွင်းကြီး ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီခွဲအချိန်က မြို့မအခြေခံပညာအလယ်တန်းရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဇော်က အဖွင့်အမှာစကားပြောကြားပြီး ဆရာကြီး ဦးဇော်ဝင်းထွန်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ပိုစတာ၊ ကျပန်း၊ စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲစသည့် ဥာဏစွမ်းရည်ပြိုင်ပွဲများနှင့် မီတာ ၅၀၊ ၁၀၀၊ ၂၀၀ အပြေးပြိုင်ပွဲ၊ ဆန်ကောရွက်၊ သံပရာသီးဇွန်းကိုက်၊ အိတ်စွပ်၊ အာလူးကောက်၊ ကြက်ဥကောက်၊ အင်္ကျီကြယ်သီးတပ်၊ ထိုင်ခုံလုစသည့် ကာယစွမ်းရည်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ချင်းတို့ဌာနေ” သီချင်း၊ “ဇာတိမာန်”သီချင်း၊ “မြန်မာ့ကျောင်း”သီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအပြီးတွင် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)