ရွှေကျင် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အလံတင်အခမ်းအနားကို နံနက် ၄ နာရီ ၂၀ မိနစ်တွင်ကျင်းပရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ (၄၀)ခန့်တက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုကြသည်။ ဆက်လက်ပြီး နံနက် ၇ နာရီတိတိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးလှမင်းသူမှ ဖတ်ကြားပေးသည်။ ဆက်လက်ပြီး ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူမျာ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ(၂၂၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)