လက်ပံတန်းမြို့၌ (၇၇)နှစ်မြာက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ

လက်ပံတန်း ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ်ချိန်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အလံတိုင်ကွင်း၌ မြို့နယ် ရဲတပ်ဖွဲ့ကဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်သားများ၊ လူမူရေးအသင်းအဖွဲ့များက နိုင်ငံတော်အလံတင်အလေးပြုခြင်းကို ကျင်းပပြုလုပ်ခဲ့သည်။ ဆက်လက်၍ လက်ပံတန်းမြို့နယ်ခန်းမ၌ နံနက်​ ၇ နာရီချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က ဖတ်ကြားခဲ့သည်။

ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်ကြသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၇)နှစ်​မြောက်​လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)