ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်

ဘားအံ ဇန်နဝါရီ ၅

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က အကြီးအမှူးအဖြစ် ဆောင်ရွက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ဂုဏ်ပြုတပ်ဖွဲ့၊ အလံစောင့်တပ်ဖွဲ့နှင့် အလံတင်အရာရှိများက နိုင်ငံတော်အလံကို တိုင်ထိပ်သို့လွင့်ထူခဲ့ကြကာ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။

ထို့နောက် နံနက်(၇)နာရီတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦးက ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီး တက်ရောက်လာသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၅ ခုနှစ်(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် ဘင်ခရာစစ်တီးဝိုင်းအဖွဲ့က အထင်ကရကရင်တေး သီချင်းများကို တီးမှုတ်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့၊ စစ်တီးဝိုင်း တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခင်းကျင်း ပြသထားသော ကရင်၊ ဗမာ၊ မွန်၊ ပအိုဝ်း၊ ရှမ်းတိုင်းရင်းသားရေးရာပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း (MSMEs) ထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ဘားအံမြို့၊ သီရိကွင်းတွင် ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးစီး၍ ပျော်ပွဲရွှင်ပွဲများအဖြစ် ကျင်းပပေးသော စကောရွက်၊ ခေါင်းအုံးရိုက်၊ အာလူးကောက်၊ ခြေသုံးချောင်းထောက်၊ အုန်းသီးရိုက်၊ အပ်နှဖားထိုး၊ ဘောလုံးဂိုးသွင်း၊ ချောတိုင်တက်ပြိုင်ပွဲများ အားကစားပွဲများအဖြစ် ကျင်းပပေးသော မ(၄၀)နှစ်အထက်နှင့် ကျား(၅၀)နှစ်အထက် သီရိကွင်းပတ် အပြေးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဌာနပေါင်းစုံအမျိုးသား/အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ တို့ကိုကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက ဆုရရှိကြသူများအားဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)