တောင်ငူအကျဥ်းထောင်၌ ကျင့် ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်မြောက်သွားသော အကျဥ်းသား အကျဥ်းသူများအား လွှတ်ပေးသည့်အခမ်းအနားကျင်းပ

တောင်ငူ ဇန်နဝါရီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ကျခံလျက်ရှိသော အကျဥ်းသားအကျဥ်းသူများကို ကျင့် ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ လွှတ်ပေးလျက်ရှိရာ  တောင်ငူအကျဥ်းထောင်ရှိ ကျင့် ၄၀၁(၁)အရ၊ လွတ်မြောက်သွားသော အကျဥ်းသား အကျဥ်းသူများအား လွှတ်ပေးသည့် အခမ်းအနားကို ယမန်နေ့နံနက် (၁၁:၅၀)အချိန်တွင် တောင်ငူအကျဥ်းထောင် ဧည့်ရိပ်သာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် တောင်ငူအကျဥ်းထောင် တာဝန်ခံအရာရှိ ဦးအောင်မြင့်စိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောကျော်မင်းဦး၊ တောင်ငူခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဇင်မျိုးသူ၊ သတင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး စိုးဝင်း၊ မှုခင်းရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ် အောင်မြတ်ကိုကိုနှင့် ခရိုင်မီးသတ် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်နိုင်ဌေးတို့က ကျင့် ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်မြောက်သည့် အကျဉ်းသားများနှင့်တွေ့ဆုံကာ ပြင်ပတွင်ရောက်ရှိနေထိုင်ပါက ကောင်းမွန်စွာနေထိုင်ကြရန် ဆုံးမသြဝါဒစကားပြောကြားသည်။

ထို့နောက် ​တောင်ငူအကျဥ်းထောင်မှ အကျဉ်းသား(၉၁)ဦး၊ အကျဥ်းသူ(၁၁)ဦး၊ စုစုပေါင်း (၁၀၂)ဦးတို့အား ခရီးစရိတ်၊ စားစရိတ်၊ လုပ်အားရှင်အကျိုးခံစားခွင့်တို့ကို ပေးအပ်ပြီး နေ့လယ် (၁၂:၁၅)နာရီအချိန်တွင် တောင်ငူအကျဉ်းထောင်မှ မော်တော်ယာဉ် (၂) စီးဖြင့် သက်ဆိုင်ရာ ကားဂိတ်များသို့ ပို့ဆောင်ပြီး လွှတ်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)