ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့်ဖွင့်လှစ်သည့် ကန်သုံးဆင့်အပန်းဖြေဥယျာဉ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် ဇန်နဝါရီ ၅

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို အထိမ်းအမှတ်ဖြင့် ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ “ကန်သုံးဆင့်အပန်းဖြေဥယျာဉ်ဖွင့်ပွဲ” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါပန်းဥယျာဉ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ ကန်သုံးဆင့်အပန်းဖြေဥယျာဉ်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကန်သုံးဆင့်အပန်းဖြေဥယျာဉ် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဆက်လက်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကန်သုံးဆင့်အပန်းဖြေဥယျာဉ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကန်သုံးဆင့်အပန်းဖြေဥယျာဉ်အား ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေနှင့် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေတို့ဖြင့် မြေဧရိယာ (၆.၆)ဧကပေါ်တွင် ရန်ပုံငွေကျပ် (၅၃၈)သန်းဖြင့် စိမ်းလန်းဝေဆာပြီး ပန်းပေါင်းဝေဆာသော ပန်းဥယျာဉ်အဖြစ် ပြည်သူများစိတ်လက်ကြည်သာစွာ အပန်းဖြေနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအားဖြင့် ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူပူးပေါင်းဆောင်ရွက်သော ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊“အောင်မင်္ဂလာသိဒ္ဓိလမ်းနှင့် ခတ္တာ(၂)လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယမန်နေ့ဖွင့်လှစ်သည့် အောင်မင်္ဂလာသိဒ္ဓိလမ်းနှင့် ခတ္တာ(၂)လမ်းမှာ ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူပူးပေါင်းဆောင်ရွက်သောလမ်းများဖြစ်ပြီး အောင်မင်္ဂလာသိဒ္ဓိလမ်းမှာ လမ်းအရှည် ၁၂၆၀ ပေ၊ အကျယ် ၁၆ ပေနှင့် ထု ၆ လက်မရှိပြီး ခတ္တာ(၂)လမ်းသည် လမ်းအရှည် ၁၂၈၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၈ လက်မရှိကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျင်းပသော ဖူဆယ်၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲ၊ ထုပ်ဆီးတိုးနှင့် ရိုးရာအားကစားနည်းပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသည့်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသည့် အသင်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသား ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောနှင့် လွန်ဆွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယရရှိသည့်အသင်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)