ဆင်ပေါင်ဝဲ ဇန်နဝါရီ ၄
(၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
ထို့နောက် ယနေ့နံနက် ၇ နာရီ အချိန်က ဆင်ပေါင်ဝဲမြို့နယ်ခန်းမတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအားအလေးပြုပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်က ဖတ်ကြားခဲ့ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့် ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများအား ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)