မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

အထက်မင်းလှ  ဇန်နဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား၊ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးတင်မောင်သန်းနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်တို့က ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အရည်အသွေး ပြည့်ဝသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ် သက်ဝင်ရှင်သန်‌စေရန် ဆရာမိဘပူးပေါင်း၍ ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်အားကစားထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ စာပေပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အတန်းလိုက် ထူးချွန်ဆုနှင့်ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ကျောင်းအကျိုး‌တော်ဆောင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ကျောင်းသား၊ကျောင်းသူများက “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်”နှင့် “ဇာတိမာန် ” သီချင်းတို့ဖြင့်သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)