မင်းဘူး ဇန်နဝါရီ ၄
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက် ယနေ့တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပေးခဲ့ပြီးနောက် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်ဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုခဲ့ကြသည်။ ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် နံနက် ၇ နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားပွဲအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်မှ ဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မင်းဘူးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ အခမ်အနားအပြီးတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)