မြိတ် ဇန်နဝါရီ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ယနေ့ နံနက်ပိုင်းက လွတ်လပ် ရေးနေ့ အခမ်းအနားကို မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အလံတင်အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)တွင် ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များက အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများက စုပေါင်း ညီညာစွာ ဦးညွှတ်အလေးပြုခဲ့ကြသည်။
ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား နံနက်(၇)နာရီတွင် ကျင်းပခဲ့ရာ ရှေးဦးစွာ နိုင်ငံတော် အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသား/သူလေးများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသားသူများ၊ ပြည်သူများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှပေးပို့သော (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ဖတ်ကြားသည်။ ဆက်လက်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ သူများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)