ရေတာရှည် ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော် အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် လွတ်လပ်ရေးနေ့သ၀ဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပသည်။
ရှေးဦးစွာ နံနက်(၄) နာရီ(၂၀) မိနစ်အချိန်တွင် အလံတင်အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်အလံအား အလံတင်စစ်ခရာမှုတ်၍တိုင်ထိပ်သို့လွှင့်တင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အလံတင်တပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။
ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင်လွတ်လပ်ရေးနေ့ သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို မြို့တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့အား တက်ရောက်လာကြသူများက အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ဖတ်ကြားခဲ့သည်။
ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်း၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသောအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)