မကွေး ဇန်နဝါရီ ၄
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီက မကွေးခရိုင်၊ အားကစားကွင်းတွင်ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြပြီး ဂုဏ်ပြုတပ်ဖွဲ့မှ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကာ သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဖတ်ကြားခဲ့ပြီး အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းသား/သူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားအပြီးတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကိုကျင်းပရာ မကွေးမြို့နယ်အတွင်းရှိ တက္ကသိုလ်/ ဒီဂရီ ကောလိပ်ရှိ ကျောင်းသား/သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ထုတ်စီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အပ်ထိုးပြေးပြိုင်ပွဲနှင့် အိတ်စွပ်ပြေးပြိုင်ပွဲ စသည့် အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများအား ဆုတံဆိပ်၊ ဆုကလပ်၊ ဆုဆွဲပြားများနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)