မင်းဘူး ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြိးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အဆောက်အအုံအသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ရုံးသစ်အတွင်းရှိ အခန်းဖွဲ့စည်းပုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး အဆိုပါရုံးသင်တန်းခန်းမ၌ ရုံးအဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်အနက် စီးပွားရေး ဦးတည်ချက်တွင်ပါဝင်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးကို တစ်ဖက်တစ်လမ်းမှ အကောင်အထည် ဖော်ဆောင်ရွက်ပေးရေး”ကို အထောက် အကူပြုစေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘတ်ဂျက်ငွေ အကုန်ကျခံ၍ ရုံးအသစ်အား တည်ဆောက်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပြီး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ရုံးအသစ်ဆောက်လုပ်ရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရုံးအဆောက်အအုံသစ်နှင့်ပတ်သည့် မှတ်တမ်းများအား လွှဲပြောင်းပေးအပ်ခဲ့သည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး RC နှစ်ထပ်ဆောင် အဆောက်အအုံအသစ် တည်ဆောက်ခြင်းလုပ်ငန်းများကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အုတ်ခြံစည်းရိုးနှင့် ဘရိတ်ဓားပတ်လည်ကာရံခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ၃၈ ဒသမ ၉၂၅ ကျပ်သန်းဖြင့် စတင်ဆောင်ရွက် ခဲ့ပြီးနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရုံးအဆောက်အဦ RC(၂)ထပ် ဆောက်လုပ်ခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ၂၇၆ ဒသမ ၄၈၀ ကျပ်သန်းတို့ဖြင့် အကောင်အထည်ဖော် ဆောက်ရွက်ခဲ့ပြီး ယခုအခါ တည်းဆောက်ရေးလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့သည့်အတွက် (၇၇) နှစ်မြောက် လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရုံးသစ်ဆောက်လုပ်နိုင်ခဲ့သည့်အတွက် ဦးစီးဌာန၏ အဓိကပင်မလုပ်ငန်းတာဝန်များအပြင် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အောင်မြင်စွာ ကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ရုံးစတင်ဖွင့်လှစ်သည့် (၃)နှစ်တာကာလအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်တင်တင်ဦးရေ (၂၂၃)ဦးအား ဥပဒေနှင့် အညီ စနစ်တကျ မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်း (၂၈)ကြိမ် ဖွင့်လှစ်ပို့ချ၍ လုပ်ငန်းထူထောင်သူ (၇၀)ဦးကို မွေးထုတ်ပေးနိုင်ခြင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း (၇)ခုကို အကောင်အထည်ဖော်ဆောင်ရွက်၍ လုပ်ငန်းထူထောင်သူ (၃၅)ဦးကို မွေးထုတ်ပေးနိုင်ခြင်း စသည့်လုပ်ငန်းများအားလုံးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဘဏ္ဍာနှစ်အလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံထံက သိရသည်။
မောင်မောင်(မင်းဘူး)