ကန်ကြီးထောင့် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက်က ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“စုံညီပွဲတော် တို့နွှဲပျော်”သီချင်းသီဆို၍အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သက်နိုင်က ပညာရေးကဏ္ဍအကြာင်းနှင့် စုံညီပွဲတော်ကျင်းပရခြင်း အကြောင်းရှင်းလင်းကာ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကဏ္ဍအသီးသီးတွင် ထူးချွန်ဆုရရှိကြသောကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကန်ကြီးထောင့်မြို့နယ် အတွင်းရှိအခြခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ကလေးများက အကအလှများဖြင့်သီဆိုက ပြဖျော်ဖြေခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အာင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)