စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

မုံရွာ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံအတွက် အနာဂတ်လူငယ်များဖြစ်သည့် မောင်တို့မယ်တို့အနေဖြင့် အသိပညာပြည့်စုံမှသာ နိုင်ငံ့အကျိုးအား သယ်ပိုးနိုင်မည့် စစ်မှန်သည့်အင်အားတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဘဝတွင် အောင်မြင်တိုးတက်ရန်အတွက် စည်းကမ်းရှိရန်ချမှတ်ထားသည့် ဥပဒေများကိုလည်း လေးစားလိုက်နာသွားကြရန် လိုအပ်ပါကြောင်း၊ ယနေ့အချိန်အခါသည် ပညာရေးအား အရှိန်အဟုတ်ဖြင့် အားပေးမြှင့်တင်နေသည်ဖြစ်သည့်အတွက် ဗလငါးတန်ဖြင့်ပြည့်စုံသည့် လူငယ်များမွေးထုတ်ရန် ဆရာ/ဆရာမများနှင့် မိဘအုပ်ထိန်းသူများမှ အဓိကဦး ဆောင်သူများ ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့်လည်း ဆရာ/ဆရာမများ၏ သွန်သင်ဆုံးမလမ်းညွှန်မှုများအား ကောင်းစွာနာခံမှတ်သား နာယူမှသာ အနာဂတ်နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် အရည်အချင်းပြည့်ဝသော လူငယ်လူရွယ်များ ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။   

ယင်းနောက် တိုင်းဒေသကြီး လုမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မုံရွာတက္ကသိုလ်ပါမောက္ခချုပ်ထံ ကျောင်းအတွက် ငွေကျပ်- ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာတက္ကသိုလ်မှ အနုပညာအသင်းမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေး ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ရှိ အစည်းအဝေးခန်းမတွင် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ ပါမောက္ခချုပ်က ပညာသင်နှစ်အလိုက် ကျောင်း၏စီမံသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်း၏ လိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းအတွက် ပါမောက္ခချုပ်ထံ ငွေကျပ်- ၁၀ သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)