အိမ်မဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့် ဥာဏ်ရည်မြှင့်ပြိုင်ပွဲများကျင်းပပြီး စာအုပ်ပြပွဲ၊ အသိပညာပေးနံရံကပ် စာစောင်များ ပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် အိမ်မဲမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်မူယာစိုး တို့ကလွတ်လပ်ရေး၏ အဓိပ္ပါယ်၊ လွတ်လပ်ရေးသမိုင်းကြောင်းနှင့်လွတ်လပ်ရေးကာလ တလျောက်ချုပ်ဆိုခဲ့သောစာချုပ်များ အကြောင်းတို့ကိုအကျယ်တဝင့် ဟောပြောခဲ့သည်။ ဆက်လက်ပြီး (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ ပုံပြင်ပြော ပြိုင်ပွဲ၊ဥာဏ်စမ်းပဟေဋ္ဌိပြိင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊အာလူးကောက် ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ များကျင်းပရာ အ-မ-က မြို့မ (၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တို့မှဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဝင် မှတ်တမ်းပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ်မှတ်တမ်းပုံများ ၊ သုတ ရသ ရရှိစေမည့် စာအုပ် စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက စိတ်ပါဝင်စား စွာလေ့လာကြည့်ရှု ခဲ့ကြသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)