အမာ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၉)နာရီ အချိန်က စတင် ထိုးနှံတိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးဌာန၊ ကျန်းမာရေးမှူး ဒေါ်လှမြတ်မင်းက မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေး၊ ထိုးဆေးများ ထိုးနှံတိုက်ကျွေး ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းကို အမာမြို့အတွင်းရှိ ကျေးရွာများတွင်လည်း ဇန်နဝါရီလ (၂)ရက်နေ့မှ (၅)ရက်နေ့အထိ စုရပ်အလိုက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အမာ(ပြန်/ဆက်)