ပခုက္ကူ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ပခုက္ကူမြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်ချက်များအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသူများနှင့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများအလိုက် ဆုရရှိသည့်ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိ သူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများ၊ ကျောင်းသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆုရစာစီစာကုံးနှင့် ကဗျာစာမူများ၊ ပန်းချီဆုရပုံများ၊ အားကစားပြိုင်ပွဲဓာတ်ပုံများဆိုင်ရာ နံရံကပ်စာစောင်များ ပြသမှုအား အားပေးကြည့်ရှုခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)