ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် သောကြာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ချောင်းကူးတံတားများ တည်ဆောက်နေမှုအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် (၂၀၂၄- ၂၀၂၅) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရရန်ပုံငွေကျပ် (၁၃၁.၄၉၅)သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်မှုဖြင့် ကောင်းပါဝါကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အရှည်(၂၄၀၀)ပေ၊ အကျယ် (၄) ပေ၊ ထု (၆) လက်မရှိ သောကြာကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှု၊ အလျား (၆၀) ပေ၊ အကျယ် (၆) ပေ၊ အမြင့် (၁၅) ပေနှင့် အလျား (၄၅)ပေ၊ အကျယ် (၄)ပေ၊ အမြင့်(၁၂)ပေရှိ မြစိမ်းကန်ကျေးရွာအဝင် ကွန်ကရစ်တံတားတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးနှင့် အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် ကျေးရွာချင်းဆက်တံတားများ တည်ဆောက်ပြီးစီးပါက သောကြာကျေးရွာအုပ်စုရှိ ပြည်သူများအနေဖြင့် ရာသီမရွေး သွားလာနိုင်ပြီး ဒေသထွက်ကုန်များအား ကုန်လမ်းခရီးသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး ကျေးရွာပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း