လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲပြုလုပ်

လိပ်သို  ဇန်နဝါရီ  ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းနိုင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမ ဒေါ်နှင်းဝေဦးက ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်အေးက အာဇာနည်ခေါင်းဆောင်ကြီးများ အသက်စွန့်ရယူပေးခဲ့သော လွတ်လပ်ရေးကြီး မဆုံးရှုံးစေရန်နှင့် လွတ်လပ်သောနိုင်ငံ လွတ်လပ်သောလူမျိုးအဖြစ် အစဉ်ရပ်တည်နိုင်ရန် နိုင်ငံသူ၊ နိုင်ငံသားတိုင်းက စည်းကမ်းရှိခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ စိတ်ကောင်းရှိခြင်းတို့ဖြင့် ကြိုးပမ်းကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်းနှင့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားသင့်ကြောင်းစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လွတ်လပ်ရေးသည် နိုင်ငံနှင့်လူမျိုးအတွက် အသက်တမျှအရေးကြီးသည့် အရာဖြစ်ကြောင်း၊ လွတ်လပ်ခြင်း၏ တန်ဖိုးနှင့် လွတ်လပ်ခြင်း၏ အရသာကို မလွတ်လပ်သောအခါမှ ပိုသိနိုင်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့ခေါင်းဆောင်များဖြစ်လာကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာမှသာလျှင်အတွေးအခေါ် ပိုမိုမြင့်မားလာ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုစွမ်းဆောင် အကျိုးပြုနိုင်ကြမည်ဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမ ဒေါ်နှင်းဝေဦးက ဟောပြောပွဲတက်ရောက်လာသည့် ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)