ပေါက်ခေါင်းမြို့နယ် အ.ထ.က(ပေါက်ခေါင်း)၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

ပေါက်ခေါင်း  ဇန်နဝါရီ  ၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ရွှေရတု)ခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာ‌ရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်အားပေးချီးမြှင့်သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက" စုံညီပွဲတော်တို့နွှဲပျော်" သီချင်းသီဆို၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကား‌ပြောကြားပြီး အ.ထ.က(ပေါက်ခေါင်း)မှကျောင်းအုပ်ဆရာကြီးဦးညွှန့်ဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းအကြောင်းကို ရှင်းလင်း‌ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက  ပေါက်ခေါင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ပညာရည်ထူးချွန်ဆုများ၊ မြို့နယ်အဆင့်ကဗျာ၊ စာစီစာကုံးနှင့်အားကစားထူးချွန်ဆု ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ယိမ်းအကဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)