မင်းလှ ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားကို အ.ထ.က မင်းလှ (မြို့တွင်း)ကျောင်း သပြေခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်သည်။
စုံညီပွဲတော်ကို ကျောင်းသား/သူလေးများက "ပညာပန်းခင်း" သီချင်း ဖြင့် သီဆိုဖွင့်လှစ်ပေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီးမြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်ကြည်ကြည်ချိုက ပညာရေးစုံညီပွဲ တော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် မြို့နယ်/ ခရိုင်/ တိုင်းအဆင့် စွမ်းရည်ဆု၊ စာပေဆုရရှိသော ကျောင်းသား/သူများနှင့် မြို့နယ်အဆင့်ဘက်စုံပညာရည်ချွန် ဆုနှင့်အားကစားဆုရရှိသော ကျောင်းသား/သူများ၊ သန့်ရှင်း၍ စိမ်းလမ်းစိုပြည်သော ကျောင်းဆုရရှိသူများ၊ အာဇာနည်နေ့၊ အမျိုးသမီးများနေ့နှင့် ကမ္ဘာ့ဆရာများနေ့၊ အထိမ်းအမှတ် စာပေပြိုင်ပွဲတို့တွင် ဆုရရှိသော ဆရာဆရာမများနှင့် ကျောင်းသား/သူများတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုပေါင်း(၁၁၅)ခုအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူလေးများက အကပဒေသာဖျော်ဖြေရေး အစီအစဉ်များဖြင့်ကပြ ဖျော်ဖြေခဲ့ကြောင်း မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၅၅) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး (၄)ကျောင်းရှိရာ ကျောင်းများအသီးသီး၌ ပညာရေးစုံညီပွဲတော်များကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)