ဘားအံ ဇန်နဝါရီ ၃
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ရှိ အရှေ့-အနောက်စီးပွားရေး စင်္ကြန်လမ်းဖြစ်သော မော်လမြိုင်-ဇာသပြင်-အိန္ဒုလမ်း ကော့နော်ဖိုင်လမ်းဆုံမှ မော်လမြိုင်-ဇာသပြင်-အိန္ဒုလမ်း ၃၅ ဒဿမ ၀ ကီလိုမီတာသို့ ပြန်လည်ဆက်စပ်ပေးသော ကော့နော်ဖိုင်-ကတွန်းတာ-နောင်ဒိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ ကရင်ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေး၊ ငြိမ်းချမ်းသာယာရေးတို့အတွက် အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို မြတ်နိုးတန်ဖိုးထားကာ နိုင်ငံတော်မှဆောင်ရွက်ပေးသည့် လမ်း/ တံတားများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရန် ရေရှည်တည်တံ့ခိုင်မြဲစေရန် ဝိုင်းဝန်းထိမ်းသိန်းစောင့်ရှောက်၍ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ညိုက လမ်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကော့နော်ဖိုင်-ကတွန်းတာ-နောင်ဒိုင်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ လမ်းအားဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သောလမ်းသည် လွန်ခဲ့သောနှစ်(၂၀)ကျော်က ကိုယ်ထူကိုယ်ထဖြင့် ဆောင်ရွက်ခဲ့သော မြေသားလမ်းကျဉ်းလေးအဖြစ်သာ တည်ရှိခဲ့ပြီး ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေး၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်နည်းပါးစေရေးကို ရှေ့ရှုလျက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၁၁၂ သန်းဖြင့် ၁၈ ပေအကျယ်မြေသားလမ်းအဆင့်မြှင့်တင်ခြင်း ၆ ဒဿမ ၄ ကီလို မီတာဆောင်ရွက်ပေးခဲ့ကာ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေ ၄၅၇ ဒဿမ ၉၃ သန်းဖြင့် ရိုးရိုးမြေသားလမ်း ၁ ဒဿမ ၆ ကီလိုမီတာအား ၁၄ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပြီးစီးဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)