မိုးညိုမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

မိုးညို ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲ‌တော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို)၊ သရဖူခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(မိုးညို) ကျောင်းသား/ကျောင်းသူကလေးများက စုံညီပွဲတော်ဒို့နွှဲပျော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကြည်လင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အ.ထ.က(ပတ္တော်) Grade-11 ကျောင်းသား/ကျောင်းသူလေးများက လောကအားမာန်အကဖြင့် ဖျော်ဖြေတင်ဆက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က(ခွဲ)မြောက်လွတ်ကုန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက စုံညီပွဲတော်ဒို့နွှဲပျော်အကဖြင့်လည်းကောင်း၊ အ.ထ.က(မိုးညို) ကျောင်းသား/ကျောင်းသူလေးများက Students Of The Year သီချင်းနှင့် နပန်းဆန်သီချင်းတို့ဖြင့် ကပြဖျော်ဖြေပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများက ကဗျာ၊ စာစီစာကုံး၊ ဆိုကရေးတီး၊ အင်္ဂလိပ်စာ၊ သင်္ချာလူရည်ချွန်၊ ကျောင်းဥပဓိရုပ်ဆိုင်ရာဆုရရှိသူစုစုပေါင်း(၆၇)ဦးအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)