ထားဝယ်မြို့၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲနှင့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ထားဝယ် ဒီဇင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီးအလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ထားဝယ်) တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားနှင့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (၈) ရပ်ကို သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းပေးထားပြီး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ဒေသ၏လိုအပ်ချက်နှင့်အညီ အသက်မွေး ဝမ်းကျောင်းသင်တန်းများကို မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရေး၊ မိသားစုဝင်ငွေတိုးပွားလာစေရေး၊ ရေရှည် တည်မြဲစေမည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့် အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်၍ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံကွန်ပျူတာသင်တန်းတွင် တက်ရောက်သင်ကြားခဲ့သည့် သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချခဲ့သော ဘာသာရပ်များ၊ သင်ခန်းစာများကို လက်တွေ့နယ်ပယ်မှာ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေတိုးပွားပြီး ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို အထောက်အကူပြုနိုင်မှာဖြစ်သည့်အတွက် ကြိုးစားကြစေလိုကြောင်း၊ အခြေခံစက်ချုပ်သင်တန်းကို တက်ရောက်ကြမည့် သင်တန်းသားများအနေဖြင့်လည်း သင်တန်းတွင် အပတ်တကုတ်ကြိုးစား သင်ယူကြရန်နှင့် သင်တန်းဆင်းသည့်အခါ ဝင်ငွေရကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်သွားနိုင်ရန် ရည်မှန်းချက်ထားကြိုးပမ်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဌေးက အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ကြီး ဦးဟိဏ်းထက်အောင်က သင်တန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသား (၁၆) ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ သင်တန်းသူ (၁) ဦးက ကျေးဇူးတင်စကားပြောကြားသည်။

အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းသား (၂၀) ဦးအား ဧပြီလ ၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ရက်သတ္တပတ် (၈) ပတ်ကြာ လေကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်လတ်