ဘုတ်ပြင်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စံပြမိခင်ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ဘုတ်ပြင်း ဇန်နဝါရီ  ၃  

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စံပြမိခင်၊ ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ဘုတ်ပြင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးပြိုင်ပွဲတွင် မွေးကင်းစမှ (၆) လ၊ (၆) လမှ (၁)နှစ်၊ (၁) နှစ်မှ (၁) နှစ်ခွဲ၊ (၁) နှစ်ခွဲမှ (၂)နှစ်၊ ပြိုင်ပွဲအမျိုးအစား(၄)မျိုးမှ စုစုပေါင်းကလေး (၂၀) ဦးနှင့် စံပြမိခင် (၄) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဇာခြည်ဖြိုးတို့က စံပြမိခင်နှင့်ကလေး ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အထက်တန်းသူနာပြု ဆရာမဒေါ်သန်းရီက ပြိုင်ပွဲများနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းအား ရှင်းလင်းပြောကြားသည်။

ထိုနောက် စံပြမိခင်ဆုနှင့်ကလေးပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဘုတ်ပြင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ၊မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများမှ မိခင်နှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)