ပန်းတောင်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ကျေးလက်ရေရရှိရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျေးလက်နေပြည်သူများ သောက်သုံးရေများ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဒန့်ဒလွန်ကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး၍ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးအေးကြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်မေနှင်းဦးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေများဖြင့် နွေရေရှားကျေးရွာများအပါအဝင် ရေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသော ကျေးရွာ(၇)ရွာအနက် ဒန့်ဒလွန်ကျေးရွာတွင် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဂါလံ(၂၄၀၀) ဆံ့စင်မြင့်ရေစဥ်၊ ပိုက်လိုင်းသွယ်တန်းခြင်း၊ ရေသန့်စင်စနစ်နှင့် လျှပ်စစ်ရေတင်စနစ်တို့အား ခွင့်ပြုရန်ပုံငွေ (၂၆.၉)သန်းဖြင့် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒန့်ဒလွန်ကျေးရွာရေပေးဝေရေးအတွက် Thein Than Aung Family Trading PVC ပိုက်ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းမှ ပိုက်(၂၉၈)လုံးလှူဒါန်းမှုအတွက် ကျေးရွာပြည်သူများမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ကျေးရွာသူ/သားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးအေးကြိုင်နှင့်တာဝန်ရှိသူများက ဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်ပိုက်လိုင်းသွယ်တန်းခြင်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးအေးကြိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်သက်တင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်မေနှင်းဦးနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

လပြည့်လင်း(ပြန်/ဆက်)