ဖရူဆို ဒီဇင်ဘာ ၁
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ် စံပြကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက တောင်သူဦးမီရယ် လယ်၌ ပြုလုပ်သည်။
အဆိုပါ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်းက ရွှေရင်အေးစပါး မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရခြင်းအကြောင်း၊ မျိုးစေ့ ထုတ်လုပ်ခြင်း နည်းပညာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးစိုးမိုး အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် မိုးစပါးစိုက်တောင်သူများ ပူးပေါင်း၍ ထီးပေါ်ဆို ကျေးရွာအုပ်စု၊ ထီးသော်ကူးကျေးရွာ တောင်သူဦးမီရယ်၏ ရွှေရင်အေးစပါးမျိုးစေ့ထုတ် စံပြကွက် (၃.၅)ဧကအား စနစ်တကျရိတ်သိမ်းနိုင်ရေး ရိတ်သိမ်းနည်းပညာများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အစီအစဉ်အရ တောင်သူ (၈)ဦး စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းပေါင်း (၂၀) ဧကမှ ထွက်ရှိသော မိုးစပါး မျိုးသန့်များအား နောင်နှစ်မိုးရာသီတွင် ဆက်လက်စိုက်ပျိုးနိုင်ရေးနှင့် ဒေသတွင်းရှိ တောင်သူ အချင်းချင်း ပြန်လည်ဖြန့်ဝေနိုင် စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)