ကြို့ပင်ကောက်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

ကြို့ပင်ကောက် ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို အ.ထ.က(ကြို့ပင်ကောက်)ကျောင်း ရွှေညီလာခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစိုးမင်းအောင်က ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အဆင့်၊ ကျောင်းအဆင့် ဉာဏဆုရရှိသော ကျောင်းသားကျောင်းသူများ၊ ကာယဆုရရှိသော ကျောင်းသားကျောင်းသူများ၊ လူရည်ချွန် ကျောင်းသားကျောင်းသူများ စုစုပေါင်း ၁၂၇ ဦးနှင့် သင်ပြမှုထူးချွန်ဆုရရှိသည့် ဆရာ၊ ဆရာမများအား မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသည့် ဧည့်သည်များနှင့်ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများ၊ တေးသရုပ်ဖော်များဖြင့် ဧည့်ခံဖျော်ဖြေပေး၍ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက လူချွန်လူကောင်းသီချင်းဖြင့် သီဆိုပြီးအောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း( ကြို့ပင်ကောက်)