ပုလော ဇန်နဝါရီ ၃
ပုလောမြို့၊ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၃ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
စုံညီပွဲတော်ကို Grade-6၊ Grade-7 မှ ကျောင်းသား၊ ကျောင်းသူများက ဒို့ကျောင်းတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ ပုလောမြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းဌေးက ၂၀၂၄-၂၀၂၅ ပညာရေးစနစ်တွင် ဇန်နဝါရီလတွင် ကျောင်းတိုင်း၌ ပညာရေးစုံညီပွဲတော်များကို ကျင်းပရမည် ဖြစ်ကြောင်း၊ မိဘနှင့်ဆရာ ပူးပေါင်းဆောင်ရွက်မှသာ ကျောင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပညာရေးစုံညီပွဲတော်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲများမှ ဆုရကျောင်းသား၊ ကျောင်းသူ (၁၂၃) ဦးခန့်ကို ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး၊ တက်ရောက်လာကြသည့် ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိသတ်အပေါင်းတို့အား ကျောင်းသား/ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေကြရာ တာဝန်ရှိသူများက ဆုငွေများ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နီနီထွန်း (ပုလော)