ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၃

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲ  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများ အချင်းချင်းချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်၊ လွတ်လပ်ရေးကို တန်ဖိုးထားလေးစားမြတ်နိုးပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်(၄)ရပ် ရွတ်ဆိုကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ  ကျောင်းသား၊ ကျောင်းသူ ၁၄၄ ဦးတို့က မီတာ ၄၀၀၊ မီတာ ၈၀၀၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အမြင့်ခုန်၊ အလျားခုန်စသည့် ပြိုင်ပွဲအမျိုးအစားများအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)