ပွင့်ဖြူမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ပွင့်ဖြူ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၄ ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီအလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ လွတ်လပ်ရေးကိုကာကွယ်ရမယ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ပညာပေးကဗျာနှင့် ကာတွန်းများ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်နှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)