နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

နတ်မောက် ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ G-5 ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ပညာရေးဌာနသည် အခြေခံပညာကဏ္ဍတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား/သူများ ဖြစ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ သင်ကြားရေးအပြင် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို နားလည်သိရှိပြီး ပါဝင်ဆောင်ရွက်တတ်ရေး၊ နှစ်စဉ်ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် အခြေခံပညာကျောင်းများက သင်ကြား သင်ယူမှု၊ လေ့ကျင့်ပေးမှု၊ နည်းပေးလမ်းညွှန်မှုဆိုင်ရာ ကျွမ်းကျင်မှုများဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို ဆရာ/မများ၏ အရည်အသွေးပြည့်ဝမှုနှင့် စွမ်းဆောင်ရည်မြှင့်မားမှု၊ ကျောင်းသား/ သူများ၏ သင်ယူလိုစိတ်ရှိမှုတို့ကို မိဘပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အောင်မြင်၍ ထူးချွန်သူများ၏ အမည်စာရင်းများတင်ပြခဲ့သည်။

ထို့နောက် G-2၊ G-4 ကျောင်းသား/သူများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်၌ ကာယ၊ ဉာဏပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများမှ ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မ များ၊ ကျောင်းသား/သူများနှင့် မိဘပြည်သူများစုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း