ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲကျင်းပ

ပွင့်ဖြူ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်ထူးချွန်ထက်မြက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရမည့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြက်စေရေး ဆရာ၊ မိဘပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ၊ နှစ်စဉ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရိုင်နှင့် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ၊  စုစုပေါင်း ဆုရကျောင်းသား၊ ကျောင်းသူ ၆၈ ဦးနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Green and Clean School) ဆုရရှိသည့် အခြေခံပညာကျောင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆုရကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )