ကျွန်းစု ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိုက်ခရိုအပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုက်ခရိုအပြေးပြိုင်ပွဲတွင် ကျွန်းစုမြို့နယ်မှ ရပ်ကွက်၊ကျေးရွာအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ (၂၇)ဦးရှိရာ ပြိုင်ပွဲဝင်များ ပြိုင်ပွဲဝင်နိုင်ရေးအတွက် ပြိုင်ပွဲတာလွတ်သည့်နေရာ မြို့အဝင် ဆိပ်ကမ်း အမှတ် ၁ ရပ်ကွက်မှ စတင်ကာ အမှတ် ၄ ရပ်ကွက်အထိလည်းကောင်း၊ အမှတ် ၄ ရပ်ကွက်မှ တာဖမ်းသည့် မြို့အဝင်ဆိပ်ကမ်း အမှတ် ၁ ရပ်ကွက်အထိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီး၌ စောင့်ကြပ်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မိုက်ခရိုအပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကစားသမားများအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီးမြှင့်ပေးအပ်မည်ဖြစ်ပြီး တာလွတ်သည့်နေရာမှ ပန်းဝင်သည့်နေရာအထိ (၂)မိုင်ခန့် အကွာအဝေးရှိရာ ပန်းဝင်ခဲ့သော အသက်ငယ်ဆုံးကစားသမားအဖြစ် (၁၀)နှစ်အရွယ် ကလေးငယ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆုတော်ငွေများ အသီးသီးပေးအပ်ခဲ့ကာ ပန်းဝင်ခဲ့သော ကစားသမားများအား တာဝန်ရှိသူများက အသီးသီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)