(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၂၀)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ထားဝယ် ဇန်နဝါရီ ၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် (၂၀)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ပြိုင်ပွဲအမျိုးအစားအလိုက် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသော အမျိုးသား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအသင်းက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထွန်းက ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုက စက်ဘီးစီးပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက် မီတာ(၁၀၀၀၀) ပြိုင်ပွဲ၊  အလွတ်တန်း မီတာ (၃၀၀၀) ပြိုင်ပွဲ၊ လူသစ်တန်းမီတာ (၃၀၀၀)ပြိုင်ပွဲ၊ အမျိုးသမီးမီတာ (၁၀၀၀၀) ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊တတိယ) ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီး (၄၈)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၆၅)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၅၀)ကီလိုတန်ပြိုင်ပွဲများတွင် (ပထမ၊ဒုတိယ၊ တတိယ) ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက  စားပွဲတင်တင်းနစ်အမျိုးသားအလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲ၊ အသက်(၂၅)နှစ်အောက် တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအားလည်းကောင်း၊ တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ပိုက်ကျော်ခြင်း(၃)ဦးတွဲပြိုင်ပွဲ၊ အလွတ်တန်း(၂)ဦးတွဲပြိုင်ပွဲများတွင် (ပထမ၊ဒုတိယ၊တတိယ) ဆုရရှိသည့်အသင်းများအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ထုတ်ဆီးတိုးပြိုင်ပွဲများတွင် (ပထမ၊ဒုတိယ၊တတိယ) ဆုရရှိသည့်အသင်းများအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲများတွင် (ပထမ၊ဒုတိယ၊တတိယ)ဆု ရရှိသည့်အသင်းများအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲများတွင်  တတိယဆုရရှိသည့်  အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းအသင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အသင်းတစ်ဦးချင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ပြီး ပထမဆုရရှိသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအသင်းများအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က ထုတ်ဆီးတိုးပြိုင်ပွဲတွင် ပထဆုရရှိသည့်အသင်းအား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့်အသင်းအား ဂုဏ်ပြုဆုငွေ ကျပ်(၁)သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)