ထားဝယ် ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးစံပြမိခင်နှင့် ကလေးပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာကလေးပြိုင်ပွဲ မွေးကင်းစမှ (၆) လ၊ (၆) လမှ (၁) နှစ်၊ (၁) နှစ်မှ (၁) နှစ်ခွဲ၊ (၁) နှစ်ခွဲမှ (၂) နှစ် စုစုပေါင်းကလေး (၄၀) ဦး နှင့်စံပြမိခင် (၁၀) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စိစစ်ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမိုးဇော်က စံပြမိခင်နှင့်ကလေးပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က စံပြမိခင်နှင့် ကလေးပြိုင်ပွဲ (၄)မျိုးမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးမိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက စံပြမိခင်နှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က ၁ နှစ်ခွဲမှ ၂ နှစ် ကလေးပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြကာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများအား အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်